ရန်ကုန်မြို့က Virus အခြေအနေ ထုတ်ပြန်ချက်

အခုတလော virus က တော်တော်ဆိုးဆိုး၀ါး၀ါး ရန်ကုန်မှာ ဖြစ်နေတယ်…
ဖြစ်တာအများဆုံးကတော့ Flashy ပဲ…
နောက်ပြီး Flashy version အသစ်…
ပြီးရင် MS32DLL.vbs ပါ…

Flashy virus ၀င်တဲ့စက်ကတော့ အဓိက folder option ပျောက်သွားတတ်ပါတယ်..
MS32DLL.vbs စက်ကတော့ C:/ D:/ ကိုတော့ double click လုပ်ပြီး၀င်လို့မရပါဘူး…

ကျွန်တော်တို့ ရန်ကုန်က လူတော်တော်များများက AVG ကိုသုံးတာတွေ့ရတယ်…
အခုဖြစ်နေတဲ့ဟာတွေက ကျွန်တော်တို့တွေကတာ virus လို့ခေါ်တာ…
တကယ်တန်း Antivirus software တွေက virus လို့မသိကြဘူး…
ဘာဖြစ်လို့လည်းဆိုရင် အဲဒါတွေက worm ဖြစ်နေလို့ပါ…
နောက်ပြီး တစ်ခါတစ်လေ spyware တွေဖြစ်နေတတ်ပါတယ်…

ကျွန်တော်ပြောချင်တာကတော့ AVG Anti-virus တစ်ခုတည်း မသုံးပဲနဲ့
AVG Antispyware ပါ တွဲသုံးပေးဖို့လိုလာပါတယ်…
Flashy ကို AVG Antispyware က သိပေမယ့်…
AVG Antivirus ကတော့မသိပါဘူး…
MS32DLL.vbs ကိုတော့ ကျွန်တော် မစမ်းကြည့်ရသေးဘူး…
Vista မှာက AVG Antispyware install လုပ်လို့မရသေးပါဘူး…
အဲဒါကြောင့် ကျွန်တော် မစမ်းရသေးပါဘူး…
Flashy ကိုသိတယ်ဆိုတာကတော့ သေချာသလောက်ပါပဲ….
ကျွန်တော် မိတ်ဆွေတော်တော်များများစက်မှာ anitspyware သုံးပြီးစစ်လိုက်ရင် ပေါ်လာတယ်လို့ဆိုပါတယ်…
Flashy အတွက် ကတော့ Flashy ကို fix လုပ်ပေးတဲ့ removel tool လေးရှိပါတယ်…
အများအားဖြင့် MS32DLL.vbs ကတော့ manual ပဲလုပ်ရပါတယ်…

Virus တွေ၀င်တဲ့ အဓိကအရင်းအမြစ်ကတော့ ကျွန်တော်တို့တွေ flash disk တွေနဲ့ ဓာတ်ပုံဆိုင်မှာသွားကူးတာကစတာပါ…
ဓာတ်ပုံဆိုင်တွေမှာက flash disk တွေ အများကြီး သုံးဖူးပါတယ်…
တစ်ယောက်ယောက် disk က ပါလာရင် အဲဒီစက်ကိုကူးသွားပါတယ်…
antispyware တွေကိုတော့ ဓာတ်ပုံဆိုင်တွေက မထည့်ထားတတ်ကြပါဘူး…
ထည့်ဖို့လိုမှန်းလည်း မသိကြပါဘူး….

ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ flash disk အသစ်ကြီးကနေကူးတယ်လို့ဆိုပါတယ်…
ကျွန်တော် သေသေချာချာ မေးကြည့်တော့ ၀ယ်တဲ့ဆိုင်မှာ တစ်ခေါက်ပဲ ထိုးခဲ့ရသေးတယ်တဲ့…
ဒါဆို သေချာပါတယ်… ၀ယ်တဲ့ဆိုင်တွေမှာလည်း virus တွေပျံ့နေလို့ပါ…

နောက်ထပ်ကူးတဲ့နည်းကတော့ သူငယ်ချင်းစက်မှာ ကိုယ့် flash disk ကိုထိုးလိုက်တယ်…
ဒါမှ မဟုတ် ကိုယ့်စက်မှာ သူငယ်ချင်း disk ကို ထိုးလိုက်တယ်…
အဲဒီလို အခြေအနေမျိုးမှာလည်း ကူးနိုင်ပါတယ်…
virus တော်တော်များများဟာ ရှိသမျှ disk တွေအကုန်လုံးမှာ အချိန်ပြည့် write နေတာပါ…
disk အသစ်ပေါ်လာရင် disk အသစ်ပေါ်ကိုထပ် write ပါတယ်…
ဒါကြောင့် flash disk ကနေ ပျံ့နှံ့မှုအများဆုံးဖြစ်နေပါတယ်…

လူတော်တော်များများကတော့ virus ၀င်နေပြီဆိုရင် format ချလိုက်တတ်တယ်..
ဒါမှ မဟုတ် ဆိုင်ပို့လိုက်တယ်.. ဆိုင်အများစုကလည်း virus တွေ၀င်နေတယ်ဆိုရင် format ချလိုက်တာပဲ…
format ချပြီးတဲ့ အချိန်မှာ virus က ရှင်းသွားပေမယ့်…
ကိုယ့် flash disk ကို ပြန်စိုက်လိုက်တဲ့ အချိန်မှာတော့ virus ကပြန်ရောက်လာပါတယ်..
format ချတာ အလကားဖြစ်သွားပါတယ်…

ဒါကြောင့် ကျွန်တော် သတိပေးချင်တာကတော့ မိမိစက်ထဲမှာ antivirus ရော antispyware ကိုပါ ထည့်ထားစေချင်ပါတယ်…
နောက်ပြီး တတ်နိုင်ရင် အမြဲ update လုပ်ပေးသင့်ပါတယ်…
AVG ကတော့ ၁ ပတ် ၁ခါ update file ထွက်ပါတယ်…
သူ့ website မှာ download ချလို့ရပါတယ်….

တကယ်လို့ registery ၀င်လို့မရတော့ဘူး…
safe mode ကနေလည်း admin account ၀င်လို့မရတော့ဘူးဆိုရင်…
၀င်လို့ရတဲ့ account ကနေ admin user account အသစ်ဆောက်လိုက်ပါ..
အဲဒီ user အသစ်ကတော့ registery ထဲ၀င်လို့ရမှာပါ…
ပြီးရင်တော့ account အဟောင်းကို ဖျက်လိုက်ပါ….
မဖျက်ခင်တော့ account အဟောင်း document ထဲက လိုအပ်တာလေးတွေကို ဒီဘက်ထဲပြန်ထည့်ပေးဖို့လိုပါလိမ့်မယ်..
နောက်မို့ဆိုရင် account ဖျက်တာနဲ့ တခါတည်းဖျက်လိုက်ရင် ပါသွားနိုင်ပါတယ်..

မိမိစက်ကို မိမိကိုယ်တိုင် ကာကွယ်တာအဓိကရောက်ဆုံးပါတယ်..
ဖြစ်တဲ့အချိန်မှ သတ်တာထက် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပေါ့ဗျာ…


မြန်မာဆိုရင် မြန်မာစာတော့ ရိုက်တတ်သင့်ပါတယ်ကွာ

ဘာရယ်တော့ မဟုတ်ပါဘူး…
ကျွန်တော့်ကို vbulletin forum software နဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးတဲ့ ကိုရဲနောင် ( Myanmar Family ) နဲ့ gtalk မှာ burglish နဲ့ ပတ်သက်ပြီးပြောခဲ့တာလေးပါ… ကျွန်တော် ကိုရဲနောင် ပြောတာတွေကို သဘောကျလွန်းလို့ ပြန်တင်ပြလိုက်တာပါ…

me:နောက်လလောက်ဆိုရင် burglish က နေ zawgyi-one ပြောင်းလို့ရမယ်ထင်တယ်… အဲဒါက forum မှာထည့်မလို့…

yenaung2009: အာ
ညီလေးက အဲဒါက မြန်မာစာကို ပျက်စီးစေတယ်
ရေသာခိုချင်တဲ့သူတွေများလာမှာ
ပြီးတော့ တော်၀င် ဘာသာမဟုတ်ပါဘူး

me: ဟုတ်တော့ဟုတ်တယ်…
ဒါပေမယ့်…burglish တွေချနေမယ့်အစား…

yenaung2009: အကိုက အားမပေးဘူး
ဟ မြန်မာပဲ

me: မြန်မာလိုလေးပေါ်တော့ ပိုကောင်းမလားလို့…

yenaung2009: ကိုရီးယား ၊ ဂျပန် ၊ ရုရှား ၊ တရုတ်တွေ သူတို့ ဘာသာကို ဘာလို့ရိုက်လဲ
ဘယ်ကောင်မှ ကိုရီးယားစာကို အင်္ဂလိပ်စာလုံးပေါင်းနဲ့မရိုက်ဘူး
မြန်မာတွေ စုတ်ပဲ့တာ
ဟင်း
me: တရုတ်ကတော့ english စာလုံးပေါင်းကနေပြောင်းတာလေ…
အစ်ကိုကလည်း…

yenaung2009: မပြောင်းပါဘူးကွာ
ဒီမှာ ဖုန်းက အစ
တရုတ်စာလုံးပဲသုံးတာ
ရိုက်ရင် တရုတ်လိုလုံးလုံး ရိုက်ရင် ရိုက်တယ်

me: အော်… windows မှာ တွေ့လိုက်တုန်းကတော့

yenaung2009: အင်္ဂလိပ်လိုသီးသန့်ဆိုလည်း အင်္ဂလိပ်လိုပဲ

me: englsh ကနေ ပြောင်းပြောင်းသွားတာတော့တွေ့လိုက်တယ်…
အခုတော့ မသိဘူး..

yenaung2009: မဟုတ်ပါဘူး
မလုပ်ပါနဲ့ညီရာ

me: အစ်ကိုက အားပေးလွန်းနေတယ်…

yenaung2009: မင်းကျွမ်းကျင်တာကို အခြားမှာသုံးလိုက်ပါ

me: လုပ်ချင်စိတ်ပျောက်သွားပြီ…
ကျွန်တော့် blog မှာ poll လုပ်လိုက်အုံးမယ်…

yenaung2009: မြန်မာစာကို တကယ်ရိုက်တတ်တဲ့သူရှားသွားလိမ့်မယ်

me: အဲဒါလည်းဟုတ်တယ်…

yenaung2009: အန္တရာယ်ရှိတယ်
ညီ့လိုမှဖြင့် မြန်မာယူနီကုတ်တောင်မလိုတော့ဘူး

me: လိုတာပေါ့…
english နဲ့တွဲသုံးဖို့…

yenaung2009: ဘန်းဂလိရှိ တူ မြန်မာပြောင်းတာပဲ သူတို့တန်းထွင်တော့မှာပေါ့
အင်းပေါ့
ပူးလ် လုပ်မနေနဲ့
သကောင့်သားများက ၀မ်းသာအားရ ထောက်ခံမှာပေါ့
ညီကလဲ
ညီ့သဘောပါ
အကိုက မင်းကို ရှင်းပြတာ
ပညာတတ်တာ ကောင်းတယ်

me: ဒါဆို… ဘယ်လိုလုပ်သင့်လဲ…
လူတွေ မြန်မာစာလွယ်လွယ်ရိုက်နိုင်အောင်…

yenaung2009: အဲပညာကို မသင့်တော်တဲ့နေရာမှာ မသုံးမိဖို့ အရေးကြီးတယ်
မြန်မာစာ ရိုက်တတ်ချင်ရင် ကျင့်ရမှာပဲ တိုက်ပင်တော့

me: ဒါမှ မဟုတ်…အစ်ကို…

yenaung2009: ခုပေါ်နေတဲ့ တိုက်ပင်ကျူတာတွေက သိပ်စိတ်တိုင်းမကျဘူး
ဒီတော့ ညီအချိန်ရရင် အကောင်းဆုံး မြန်မာ တိုက်ပင်ကျူတာ လုပ်ပေါ့
ပိုတောင်ကောင်းသေး

me: က လို့ရိုက်လိုက်တာနဲ့..
ကနဲ့ဆိုင်တာတွေ ကျလာရင်ရော..
ကန်…တို့ ကံတို့ပေါ့…

yenaung2009:
ဗီဘူလတင်မှာ မြန်မာစာဟာ လုံး၀ မှေးမှိန်နေတယ်
နောက်ပိုင်းမှာ မြန်မာတွေဟာ ဗီဘူလတင်ကို သုံးလာကြတော့မှာ
ဒီလို ကမ္ဘာ့ အဆင့်မြင့် ဘုတ်တွေမှာ ညီလေး မြန်မာစာကို အကျအန ထည့်နိုင်ရင် မင်းလဲ ပညာတိုး
မြန်မာအတွက်လည်း ဂုဏ်ယူစရာကောင်းတယ်
ပညာရှင်တစ်ယောက်ဖြစ်လာမယ်
ညီတတ်တာတွေကို မြန်မာတွေ အပျင်းထူအောင် ၊ အလွယ်လိုက်အောင် တော့ မသုံးစေချင်ဘူး
အကိုက စကားပြောရင်တော့ ဒီလိုပဲပြောတတ်တယ်

me: ဒါဆိုရင်… editor tool bar မှာ မြန်မာစာ လက်ကွက် image ထည့်ပေးရင်ရော…

yenaung2009: အခြား မြန်မာစာ ကို အသုံးပြုလို့မရတဲ့ အင်တာနက် ဆိုင်ရာ ကွန်ပျူတာဆိုင်ရာတွေ အများကြီးပဲ
ကောင်းတာပေါ့
သိပ်ကိုကောင်းတာပေါ့
ဒါမျိုးကမှ လုပ်သင့်တဲ့ အလုပ်ပေါ့ညီလေးရာ

me: ကျွန်တော် အဲဒါလေးပဲထည့်ပေးလိုက်မယ်… buttoen ကို နှိပ်လိုက်ရင်… box မှာ မြန်မာစာ လက်ကွက် image တက်လာမယ်…

yenaung2009: ဒါပေါ့

me: OK…အဲလိုလုပ်တော့မယ်…

yenaung2009: ဒါမှ သူတို့တကယ်တတ်မှာ

r /> မြန်မာဆိုရင် မြန်မာစာတော့ ရိုက်တတ်သင့်ပါတယ်ကွာ


ကျွန်တော့်အကျင့်လေးများ

ကိုမျက်လုံး ၊ အစ်မ သဥ္ဇာ ၏ Tag မှုကိုခံလိုက်ရသောကြောင့် ကျွနု်ပ်၏ ပေါက်တတ်ကရ အကျင့်လေးများကိုရေးသားရန် အကြောင်းဖန်လာပါတော့သည်…….
(၀တ္တုထဲက အတိုင်းရေးကြည့်တာ)

ကျွန်တော့်ရဲ့ အကျင့်လေးတွေကတော့…

၁.ရောက်လေရာနေရာတွင် အိပ်ငိုက်တတ်ခြင်း

ညဆိုရင် ၂ နာရီမှ အိပ်ပျော်တယ်… မနက်ရောက်ရင် ကျောင်းသွားဖို့ ၆ နာရီက ထရတယ်…
အဲဒါကြောင့် ferry မှာ ရော ကျောင်းမှာပါ အိပ်တတ်သည်။ ကျောင်းပိတ်ရက်တွေ ဆိုရင်တော့ မနက် ၁၁ နာရီလောက်မှ ထတယ်…

၂.မီးပျက်ချိန်တွင် အရူးတစ်ယောက်ကဲ့သို့အော်ဟစ်ခြင်း

မီးပျက်ပြီဆိုရင်တော့ မနေနိုင်ဘူး… မီးလာတာကို ထိုင်စောင့်ပြီး ပါးစပ်ကလည်း မီးရုံးကိုပဲ ဆဲဆိုနေတာ… မီးလာရင်တော့ ဟေးခနဲဆိုပြီး ဘောပွဲကြည့်တာထက် အသံကျယ်ကျယ်လောင်လောင်အော်တာပဲ…

၃.ဘာမှ မလုပ်တတ်ခြင်း

အိမ်မှာ မီးလာရင် computer ရှေ့မှာထိုင်ပြီး တကုပ်ကုပ်ပဲ (ဝဲကုပ်နေခြင်းမဟုတ်ပါ)။ တခြားဘာခိုင်းခိုင်း ခဏနေပါအုံး… ပြီးရင်လုပ်ပေးမယ်… အကြောင်းအမျိုးမျိုးပြကာ ဘာမှ မလုပ်ခြင်း….

၄.စာသင်ချိန်တွင် အိပ်ငိုက်ခြင်း

first year က အတန်းထဲမှာ အိပ်လို့ ဆရာမ ခေါင်းလာခေါက်တာခံဘူးတယ်…
second year ရောက်တော့ ဆရာမ စာခဏခဏမေးတယ်… ဆရာမတွေ ရွဲ့ပြီးပြောတာလည်းခံရတယ်…
third year ရောက်တော့ အတန်းထဲမှာ အိပ်လွန်းလို့… အတန်းထဲရှိ ကောင်မလေးများ ရယ်ခြင်း ၊ ဆရာ ဆရာမများ မှတ်မိခြင်း ၊ roll call ခဏခဏ လွတ်ခြင်း တို့ ဖြစ်ဖူးတယ်…
honus ရောက်တော့ ဘာဖြစ်မယ်မသိဘူး… အခုတော့ roll call က ကျော်သွားမှ ထောင်ဖြစ်တယ်… အိပ်ပျော်သွားလို့ ဘေးနားက သူငယ်ချင်းနှိုးမှ နိုးတယ်…

၅.အစားအစာ

အစားအစာတွင် အခြောက်မှ စားတတ်ပါသည်… ဆီပြန်ဟင်းတို့ ဟင်းရည်တို့ကို လုံး၀စားမရပါ…
သို့သော် လူအခြောက်တော့ မကြိုက်ပါ…
နောက်ပြီး အအေးအလွန်ကြိုက်တာပဲ… အမြဲလိုလိုအအေးဖိုးနဲ့ ပိုက်ဆံကုန်နေတာ… အိပ်မှာ အအေး၀ယ်ထားလည်း ဘယ်လောက်မှ မခံဘူး… ကုန်တာပဲ… အအေးကို ရေလိုသောက်တာ… ဘယ်နေ့ ဆီးချိုရောဂါရမလည်း မသိဘူး…

၆.အနေအထိုင်

အနေအထိုင်က ပြောစရာမလိုဘူး… တကယ့် smart… ဖြစ်သလိုနေတဲ့နေရာမှ ပြောတာ… သူငယ်ချင်းတွေ အိမ်ကို လာရင် ကြွက်သိုက်ကတောင် အဘ ခေါ်ရတယ်လို့ ပြောယူရလောက်အောင်ပဲ… အပြင်သွားရင်လည်း ဒီလိုပဲ ဖိုသီဖတ်သီပေါ့… ပြင်ပြင်ဆင်ဆင်နေရတာ အလုပ်ရှုပ်လို့… ဖြစ်သလို ပေါ့ပေ့ါပါးပါးပဲနေတယ်.. အရေးကြီးတဲ့ နေရာတို့ မင်္ဂလာဆောင်တို့မှ ခေါင်းလေးဘာလေးဖီးသွားတတ်သည်….

၇.ရုပ်ရှင်အလွန်ကြိုက်ခြင်း

မြန်မာကားဆိုရင်တော့ လုံး၀မကြည့်ဘူး… ပေါတယ်ထင်လို့.. ဒါပေမယ့် english ကား ငပေါကားတွေတော့ ကြိုက်တယ်… ဟီး.. ဘာဖြစ်လို့လည်းတော့မသိဘူး… english ကားဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့ drama တွေကိုကြိုက်တယ်… ကိုရီးယားတို့ တရုတ်တို့တော့ သိပ်မကြည့်ဘူး…

၉.အမြဲလိုလို ရယ်နေတတ်ခြင်း

ဘာဖြစ်လို့မှန်းကို မသိတာ… လူကို အမြဲ စပ်ဖြီးဖြီးနဲ့… ဒါတောင် တခါတလေ လူတတ်ကြီးစတိုင်ဖမ်းတယ်… မရဘူး… ဒီလိုပဲ… နည်းနည်းလေး ပြုံးတုန်းတုန်းလေနေတော့ ငပေါလိုလိုဘာလိုလိုဖြစ်နေတယ်… ဟီး..

၁၀.စာကြည့်ချိန်ဆိုတာမရှိ

ဘာဖြစ်လို့မှန်းကို မသိတာ… စာဆိုတာ ဆေးထက်တောင် ကြောက်ဖို့ကောင်းလို့လားမသိဘူး.. ကျောင်းစာဆို လုံး၀ကိုမကြည့်တာ… 2 subject 1 night ပဲ…

ဒီလောက်ပဲ စဉ်းစားလို့ရတယ်….
တခြားလူကို tag ဖို့ရှာလိုက်တော့… မြန်မာ blogger တွေ တော်တော်များများ tag ပြီးတာပြီဆိုတော့…
သေသေချာချာရှာပြီးမှ edit လုပ်ပြီး ပြန် tag ရမယ်…

တစ်ယောက်တွေ့ပြီ…
ကဲ tag လိုက်ပြီ…
http://khunmoekyaw.blogspot.com/


Blog စာမူများပိတ်ပါတော့မယ်..

ကျွန်တော်တို့ blogger တွေရဲ့ blog စာအုပ်စာမူပိတ်ပါတော့မယ်..
Apirl လ နောက်ဆုံးထားပြီး စာမူများကို
[email protected] ပေးပို့ရန် ပြန်ကြားအပ်ပါသည်။


အခုတလော ကံဆိုးပြီးရင်း ဆိုးနေပါလား…

မနေ့တုန်းက FEC 32 ကို ပိုက်ဆံ မရှိတာနဲ့ ချေးပြီးတော့ သွင်းလိုက်ရတယ်…
နောက်ဆုံးရက်ဆိုတာနဲ့.. သွင်းနေတုန်း နောက်လ ဘယ်လောက်လဲလို့ မေးကြည့်လိုက်တယ်…
FEC 103 တဲ့ဗျာ… အမလေး… လူကတော့ တော်တော်လေးလန့်သွားတယ်…
ဟုတ်မှဟုတ်ရဲ့လားလို့… နှစ်စဉ်ကြေးပါပါတယ်တဲ့…
ဒါပေမယ့် နှစ်စဉ်ကြေးက FEC 60 ပဲ…
အဲဒါနဲ့ ဘယ်နှစ်နာရီပိုသုံးမိလဲလိ်ု့မေးလိ်ုက်တယ်…
၂၃ နာရီတဲ့… ဗျာ… တကယ်ရောဟုတ်ရဲ့လား…
ကျွန်တော် အိမ်ကနေ usage info က check လိုက်တော့…
ဟုတ်ပါ့ဗျာ.. တကယ်ပဲ… အော်… Internet ရဲ့ side effect က ပြင်းလိုက်တာ…
အဲ…ဒါနဲ့တင်မပြီးဘူး…
အိမ်မှာက အမြဲမီးပျက်နေတာ… အဲဒါကြောင့် လာတဲ့ ၆ နာရီအတွင်း မှာ Computer ကို အချိန်ပြည့်သုံးတာ..
Internet ကိုတော့ Access Kit နဲ့ အချိန်ပြည့်နီးပါးချိတ်ထားတယ်…
ဘာဖြစ်လို့လည်းဆိုတော့ image upload တစ်ခါတည်းတင်လို့ရမယ့် code ကိုရေးဖို့ပေါ့…
မနေ့ညကတော့ ရေးလို့ရသွားတယ်… FORUM အတွက်ပေါ့…
နောက်၁နာရီလောက်ကြာတော့ MMGlite အတွက်ရသွားတယ်…
ကံများဆိုးချင်တော့… မီးကမပျက်ဘူး… COMPUTER နဲ့ ချိတ်ထားတယ်…မီးကြိုးက ပူလို့ ပြတ်ကုန်ရော…
တော်သေးတာပေါ့… မီးမလောင်သွားတာပဲ… အဲလိုစဉ်းစားတုန်းပဲရှိသေးတယ်..
Moderm ကို အခြား plug ပေါက်နဲ့ စမ်းကြည့်တော့ မရတော့ဘူးဗျို့…
သေတောင်သေချင်သွားတယ်…
အော်… COMPUTER သမားဖြစ်ရဖို့ ပေးဆပ်ရတာမလွယ်ပါလား…
အကြွေးတွေကလည်း တစ်ပုံတစ်ပင်…
ဒါတောင် စည်သူ၀၂၅ ကို FORUM အတွက် Web hosting ၀ယ်ခိုင်းထားသေးတယ်…
၀ယ်ပြီး ရခိုင်ထွက်သွားတယ်… Account Information တွေတစ်ခုမှ အခုထက်ထိမရသေးဘူး..
ဟိုမှာလည်း Internet ချိတ်လို့မရဘူးတဲ့…
သေတာသေချင်တယ်…. အခုတလောက ကံကို ဆိုးနေတာ..
ကြံဖန်ပြီးကံကောင်းတာကို ရှာကြည့်ရင်တော့
အခုထက်ထိ ရည်းစားမရှိသေးတာရယ်… ဘယ်သူမှ အကြွေးတွေကို အတင်းလိုက်မတောင်းတာရယ်…
အဲဒါလေးပဲဆိုလို့ရမယ်..
ဒီတစ်ခေါက် ပုဂံအတွက် မိဘကိုပဲ အကူအညီတောင်းရတော့မယ်…
Moderm ပြင်ဖို့ ပိုက်ဆံထွက်အုံးမယ်…
ပြင်လို့မရလို့… အသစ်၀ယ်ရင် သာပြီးကုန်အုံးမယ်…
Hosting ဖိုးကို စည်သူပြန်လာရင်ပေးရမယ်..
အဲဒါကိုတော့ အကြွေးပဲထားလိုက်တော့မယ်…
နောက်အဆင်ပြေမှ တဖြည်းဖြည်းဆပ်မယ်… ဟီး.. ဟိုကောင်တွေ့သွားရင်တော့…
Account Information ပေးချင်စိတ်ပျောက်သွားမလားမသိဘူး.. :)
အင်း… အခုလိုရေးလိုက်တော့လည်း စိတ်ညစ်တာလေးတွေ နည်းနည်းပျောက်သွားတယ်…
အခုချိန်မှာ တခြားအကြောင်း ရေးဖို့ မထွက်လာလို့ ဒီအကြောင်းပဲရေးလိုက်ရတာ..
နောက်မှ နည်းပညာအကြောင်းလေး ရေးအုံးမယ်..
ရေးဖို့ရှိပေမယ့်… စိတ်ညစ်လွန်းလို့ ထွက်မလာဘူးဖြစ်နေတာ… :(
CSS အကြောင်းကိုတော့ Forum မှာတော့ တစ်နေ့တစ်ခါရေးဖြစ်တယ်…
ဒီနေ့တော့ ရေးဖြစ်ဖို့ မသေချာတော့ဘူး…
ဟူး… ကံဆိုးတဲ့ နေ့ရက်များကုန်လွန်ပါစေလို့ ဆုတောင်းရင်း….


ကျွန်တော်နှင့် ရန်ကုန်

စာမေးပွဲလည်းပြီးပြီ ဒါပေမယ့်ဗျာ…
ကျွန်တော့်တို့ နေတဲ့ ဘက်ပိုင်းမှာ
တစ်နေ့ကို မီးက ၆ နာရီပဲလာတယ်…
အဲဒါ သေရောဗျာ…
ရေးမယ်လုပ်ထားတဲ့ project တွေလည်း မလုပ်နိင်တော့ဘူး…
blog ရေးဖို့ လုပ်လိုက်တိုင်းလည်း မီးက ပျက်သွားတယ်…
ဘာဆိုဘာမှ လုပ်လိုကမရဘူး..
မီးက ည ၆ နာရီက နေ ၁၂ နာရီထိ တစ်ခါ…
နောက်နေ့ရောက်ရင် ည ၁၂နာရီက နေ မနက် ၆ နာရီထိပဲလာတယ်…
လူအိပ်ချိန်ကြီးဗျာ….
အခုတော့ စာမေးပွဲပြီးပြီဆိုတော့ လာတဲ့ အချိန်လေးပဲ ကြိုးစားပြီးလုပ်ရတော့မယ့်…
ကျောင်းပိတ်တော့ အိပ်ရေးပျက်လို့ရတယ်…
ကျောင်းဖွင့်ရင်တော့ မလွယ်ဘူး….
Second Term ရောက်ရင် ကျောင်းကားက မနက် ၈နာရီထွက်မယ်တဲ့ဗျာ….
ရက်စက်ပါ့…
အင်း စဉ်းစားရင်း စဉ်းစားရင် ရန်ကုန်ကို တကယ် စိတ်ကုန်တယ်…


MYSTERY ZILLION FORUM

ကျွန်တော်တို့ MYSTYER ZILLION COMPUTER FORUM ကို…

http://www.mysteryzillion.com /forum/

Computer ပိုင်းတွင် အခက်အခဲဖြစ်နေသူများ…
Computer ပိုင်းကို စတင်လေ့လာသူများ…
Computer ပိုင်းတွင် ဆွေးနွေးလိုသူများ…
Computer ပိုင်းတွင် နည်းပညာဖြန့်ေ၀လိုသူများ… နှင့်
Computer ပိုင်းနှင့်သက်ဆိုင်သော နယ်ပယ်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်ထားခြင်းဖြစ်သည်

မြန်မာများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်….
ဗဟုသုတ ၊ ပညာများ တိုးတက်စေလိုသောကြောင့်…
ကျွန်တော်တို့ ကြိုးစားပြီး တည်ဆောက်ထားခြင်းပင်
Member များ ၊ လာရောက်လေ့လာသူများ အားလုံး စိတ်ရောလူရော ကျန်းမာချမ်းသာပါစေ ခင်ဗျာ…

Saturngod