သင်ကော ဘာလုပ်မလဲ

ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။ မတတ်ပေမယ့် အခြေခံတွေတော့ ရသွားပါတယ်။ Programming ဆိုတာဘာလဲ HTML ဆိုတာ ဘာလဲဆိုတာ အနည်းအကျဉ်းလောက်သိသွားတယ်။ ဒါပေမယ့် Professional အနေနဲ့ ရပ်တည်တဲ့လူက လွန်စွာနည်းပါးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကကော…..

တစ်ယောက်ကတော့ hons ဆက်မတက်ပဲ လေယာဉ်ကွင်းမှာ အလုပ်ဝင်လုပ်လိုက်တယ်။ လက်ရှိ မလေးရှား air line မှာ အလုပ်ဝင်လုပ်နေတယ်။ လခက ၁ လ $400 ကျော်ဝင်တယ်။ ၂ လ မှာ ၁ ပတ်လောက် မလေးမှာ စာသွားသင်ရတယ်။ မလေးသွားချိန်မှာ သီးသန့် တနေ့ $50 ပေးတယ်။ မိသားစုအတွက် တော်တော်လေးကို အထောက်အပံ့ဖြစ်တယ်။ ညီဆေးကျောင်းသားအတွက် ကျောင်း စရိတ်မပူပဲ ထားပေးနိုင်ခဲ့တယ်။ သူ့အတွက် သူရွေးချယ်တဲ့ လမ်းမှန်သွားတယ်လို့ ဆိုရမလားပဲ။ Hardware ပိုင်းနဲ့ ဘွဲ့ရခဲ့ပေမယ့် အခုအချိန်မှာတော့ harddisk တောင် မဖြုတ်တတ်တော့ဘူး။ Computer နဲ့ အသက်မွေးမယ်ဆိုရင်တော့ အိမ်စရိတ်အတွက် အနိုင်နိုင် ကိုယ့်ထမင်းကိုယ်စားနိုင်အောင် မနည်းကြိုးစားရမလားပဲ။

နောက်တစ်ယောက်ကတော့ မိသားစု လုပ်ငန်းလုပ်တယ်။ စီးပွားရေး အကြောင်းကောင်းကောင်းသိလာတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်လဲ။ လက်ရှိ တကယ်လိုအပ်တာဘာ စပြီး ဆုံးဖြတ်နိုင်စွမ်းတွေရှိလာတယ်။ ကျွန်တော့်အတွက် လုပ်ငန်းနဲ့ ပတ်သက်ပြီး သူ့အကြံဉာဏ်ပဲယူနေရတယ်။ သူလည်း hons ဝင်ရဲ့သားနဲ့ ဆက်မတက်ပဲ မိသားစု စီးပွားရေးကို လုပ်လိုက်တာ မှန်တယ်လို့ ဆိုရမလားပဲ။

နောက်ထပ်သူငယ်ချင်းတစ်ယောက်ကတော့ OJT ဆင်းပြီး အလုပ်ဝင်လုပ်တယ်။ ၁ လမှ ၃ သောင်း ၄ သောင်းပဲရတယ်။ သူက computer မှ computer မစွန့်လွှတ်ဘူးနဲ့တူတယ်။ အခုအချိန်ထိတော့ အိမ်ကို ထောက်ပံ့နိုင်ဖို့ လိုနေသေးတယ်။ OJT ဆင်းတုန်းကတော့ သူ့ပိုက်ဆံတောင် company ကို ပေးရသေးတယ်။

နောက် ၂ ယောက်က compnay တူတယ်။ ဒါပေမယ့် တစ်ယောက်က Master ဆက်တက်တယ်။ နောက်တစ်ယောက်ကတော့ hons ပဲ တက်ပြီး အလုပ်ဝင်လုပ်လိုက်တယ်။ master သမားက master ပြီးမှ Hons သမားရှိတဲ့ အလုပ်ထဲဝင်လုပ်တယ်။ အရင် ဝင်လုပ်တဲ့လူက လခကော ရာထူးပါ မြင့်သွားပြီ။ ၁ နှစ် ဆိုတာလေးပေမယ့် အဆင့်ကတော့ ကွာသွားတာပေါ့။ လခ လည်း ကွာသွားတာပေါ့။ လုပ်သက်နဲ့ ဆုံးဖြတ်သွားတာပဲ။ company ကတော့ လခ ကောင်းတဲ့ company ပါ။ စစဝင်ဝင်ခြင်း master သမားက ၇ သောင်း လောက်ရတယ်။ ဒါပေမယ့် ကားခ ကတော့ တနေ့ ၂၀၀ နဲ့ စီးသွားရတာပေါ့။ hons ပဲ ပြီးထားတဲ့တစ်ယောက်ကတော့ ၁ သိန်း ၄ သောင်း လောက်ရတယ်။ သူလည်း တနေ့ ၂၀၀ ကားခတော့ ကုန်တာပဲ။

သူငယ်ချင်း တစ်ယောက်ကတော့ hons တက်နေရင်း ကျောင်းဆက်မတက်ပဲ air bagan က computer section မှာ ဝင်လုပ်တယ်။ အခုအချိန်မှာတော့ computer section မှာ အကြီးဆုံးဖြစ်နေပြီ။ လခ ကတော့ ၁ သိန်းကျော်ပဲ။ သေသေချာချာ မသိတော့ဘူး။

တချို့ သူငယ်ချင်းတွေကတော့ hons ပြီးတာနဲ့ စလုံးမှာ ကျောင်းသွားတက်ကျတယ်။ အခုအချိန်မှာတော့ သူ့ ဘဝ သူရပ်တည်နေနိုင်ကြပြီ။

နောက်ထပ် သူငယ်ချင်းတစ်ယောက်ကတော့ company တစ်ခုမှာ ဝင်လုပ်တယ်။ computer company ဖြစ်ပေမယ့် hardware sale company ပဲလေ။ ၆ သောင်းလောက်ပဲ ရပေမယ့် ပစ္စည်းရောင်းတဲ့အပိုင်း အဓိကပဲ။ programming တွေ ဘာတွေ မလိုဘူးလေ။

ညီငယ်တစ်ယောက်ကတော့ web designer အနေနဲ့ ဝင်လုပ်နေတယ်။ master ဆက်မတက်ဘူး။

လူတော်တော်များများ အကြောင်းတွေတော့ ပြောပြီးသွားပါပြီ။ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းပြီးတာနဲ့ ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ရမှာပဲ။ ကျောင်းက ပညာနဲ့ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကိုယ့်ဘဝအတွက် ရပ်တည်နိုင်ဖို့အတွက် မိသားစုအခြေအနေ ပေါ်မူတည်ပြီး ဆုံးဖြတ်သွားရတာပဲ။ တကယ်တန်း လွတ်လပ်စွာနဲ့ လုပ်ချင်တာလုပ်လို့ ရတယ်ဆိုတာ ကျောင်းသားအရွယ်ပဲ။ ကျောင်းတက်နေတုန်းသာ ကိုယ့် creation တွေ ဖော်ပြလို့ရမယ်။ ဖန်တီးနိုင်မယ်။ ကျောင်းပြီးသွားရင်တော့ ကျောင်းမှာ နေထိုင်ပုံပေါ်မူတည်ပြီး ကိုယ့်ဘဝ ကိုယ့်လမ်းကြောင်းကို လျှောက်ရတာပဲ။ ကျောင်းပြီးသွားတဲ့ သူတွေဟာ အသက်က ၂၀ ဝန်းကျင်ဖြစ်လာတာနဲ့ အညီ မိသားစု အဖေ အမေ တွေကို စဉ်းစားပေးတတ်လာတယ်။ မိဘက တစ်သက်လုံး မကျွေးထားနိုင်ဘူးဆိုတာ နားလည်လာတာနဲ့ အမျှ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ကိုယ့်ဘာသာ ကိုယ်အလုပ်ရှာပြီး ဝင်လုပ်ကြတာပဲ။ ကျောင်းတုန်းက အပျော်လွန်ခဲ့တဲ့ လူတွေအတွက်က အဲဒီအချိန်မှာမှ သင်တန်းတွေ တက်သူတွေကတက်။ နောက်ပြီး ကိုယ်နဲ့ ဘာအလုပ်သင့်တော်မလဲ မသိသူကမသိနဲ့ဖြစ်နေတတ်တယ်။

ဘာပဲပြောပြော ကျွန်တော့် ကျောင်းသား ဘဝကို ကျွန်တော် သတိရတယ်။ ကျွန်တော် ဖန်တီးချင်တာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်တယ်။ အလုပ်တွေ ငွေတွေ ထည့်စဉ်းစားဖို့မလိုဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို တစ်ညလုံး လုပ်ချင်လုပ်တယ်။ ပိုက်ဆံရတဲ့ အလုပ်တွေ တစ်ခုမှ မလုပ်ခဲ့ဘူး။ ဝါသနာပါတဲ့ဟာတွေကိုပဲ ဖန်တီးခဲ့တယ်။ အခုအချိန်မှာတော့ မိဘကို လက်ဖြန့်တောင်းတဲ့ ဘဝ မရောက်အောင် ကြိုးစားပြီး နေထိုင်နေတယ်။ အခက်အခဲတွေကတော့ ရှိစမြဲပဲ။ ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်ချက်တွေ ချရတာပဲ။ မိဘအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်အောင် ကြိုးစားပြီး နေထိုင်ရတာပဲ။ ရှင်းရှင်းပြောရရင် ရည်းစားနဲ့ လျှောက်လည်ဖို့ မိဘ ဆီကနေ လက်ဖြန့်တောင်းရတာ အလွန်ရှက်ဖို့ ကောင်းတဲ့အလုပ်လို့ မြင်တယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ ကိုယ်ပိုင် creation တွေ မလုပ်နိုင်တော့ဘူး။ ဒါတွေကို ကျွန်တော် ကျောင်းပြီးတဲ့ အချိန်တွေ နောက်ပိုင်းမှာ ကျွန်တော့် post တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ လုပ်ကိုင်တဲ့အခါမှာတော့ professional အဆင့်ကို တဖြည်းဖြည်း တက်လှမ်းလာနိုင်တယ်။ တော်တော်များများကို ရအောင် ဆွဲနိုင်လာတယ်။ တနည်းမရရင် တနည်းရအောင် ကြိုးစားနိုင်လာတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ကတော့ ကျွန်တော့်ဘဝအတွက် အတွေ့အကြုံအများဆုံး ရလိုက်တဲ့ နှစ်ပဲဗျာ။ သေချာတာကတော့ လက်တွေ့ အတွေ့အကြုံကတော့ ကျောင်းမှာ မရနိုင်ဘူး။ ဒါပေမယ့် ဖန်တီးမှု အသစ်တွေ idea အသစ်တွေကတော့ ကျောင်းမှာပဲ ရနိုင်ပါတယ်။

5 thoughts on “သင်ကော ဘာလုပ်မလဲ

  1. “ဖန်တီးမှု အသစ်တွေ idea အသစ်တွေကတော့ ကျောင်းမှာပဲ ရနိုင်ပါတယ်။”

    Totally disagree. I didn’t learn nothing much from Uni. ကျောင်းကရလိုက်တာဆိုလို့ ဘွဲ့လက်မှတ်ပဲရှိတယ်
    ကျောင်းတက်တုံးက ကျောင်းကိုအဝေးကြီးသွားဖို့ အစောကြီးထ
    အဝေးကြီးပြန်တော့ နောက်ကျမှအိမ်ပြန်ရောက်
    ကျောင်းကသင်တာနားမလည်တော့ စာမေးပွဲအောင် အောင် weekends မှာ tuition တက်
    ကျောင်းပြီးရင် အနာဂတ်ကမရေရာတော့ IDCS တို့ဘာတို့တက်
    ကျောင်းက Programming ကိုစာအုပ်ပေါ်မှာသင်တော့ တကယ်နားလည်အောင် အပြင်မှာ Programming သင်တန်းတက်
    ကျောင်းမှာဘာမှလုပ်စရာမရှိလို့ လျှောက်ကလိဖို့တောင် စက်ခန်းကမရ
    ဖန်တီးမှု အသစ်တွေ idea အသစ်တွေ မပြောနဲ့ game ဆော့ဖို့တောင် အချိန်မနည်းရှာရတယ်
    ကျောင်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အလုပ် လုပ်ရင်းပဲဖြစ်ဖြစ် အဓိက က
    အားလပ်ချိန်ရယ်
    ဘာမှပူပန်နေစရာမလိုတဲ့ အခြေအနေရယ် ဖန်တီးမှုတွေဖြစ်စေမယ့်တွန်းအားရယ်
    စိတ်တူကိုယ်တူ Partner ကောင်းကောင်းရယ်
    ဒါတွေပဲလိုတယ်
    ဆရာဝင်လုပ်တာတော့ဟုတ်ဘူး။ ကိုယ့်အမြင်လေးကိုယ်ဝင်ပြောတာ :)

    • ကျမ လည်းကျောင်းပြီးတော့ ယောင်ခြောက်ဆယ်ဖြစ်နေခဲ့တာ အမှန်ပါ ကိုယ့်ကို ကိုယ် ဘာမှမတတ်ဘူး ကျောင်းကပေးတဲ့ ဘွဲ့လေးဘဲရှိတယ်ဆိုတယ် အသိကြောင့်ပိုဆိုးသွားခဲ့ပါတယ်
      ကျောင်းပြီးတော့ Programming နဲ့ဆိုင်တဲ့ သင်တန်းတွေပြန်တက်ရပါတယ် အဲဒါတောင် ဘယ်ကုမ္ပဏီကမှ အလုပ်မခန့်ချင်ကြပါဘူး လိုင်းတွေလည်း အများကြီးလွဲနေခဲ့ပါတယ်
      ကျမရဲ့ သူငယ်ချင်းတွေမှာ လည်း ဘွဲဲ့ရပြီးတော့ LCCI တက်ပြီး လိုင်းလုံးဝလွဲ သွားတာတွေလည်း ရှိပါတယ်. ကိုယ်ရ ထားတဲ့ဘွဲ့လေးနဲ့ ဘဲ အလုပ်လုပ်ချင်တဲ့စိတ်ဘဲရှိတဲ့ ကျမအတွက်တော့ အစက အရမ်း
      ကိုခက်ခဲခဲ့ပါတယ် နောက်ဆုံးတော့ လစာကို မကြည့်ဘဲ အလုပ်အတွေ့အကြုံရမယ့်အလုပ်ကိုဘဲ ရွေးချယ်တာပေါ့ မိဘဆီကတော့ အမြဲ လက်ဖြန့်တောင်းရတာပေါ့ ဒီစင်္ကာပူရောက်တော့
      ကျမတို့ရဲ့ ကွန်ပျူတာဘွဲ့ကို အရမ်းအလေးထားပါတယ်် ကျမ Hons လည်းမဝင်ခဲ့ပါဘူး အလုပ်ကိုအလွယ်တကူဘဲရခဲ့ပါတယ် ဒီနိုင်ငံမှာ ဘွဲ့ရဖို့က မလွယ်ဘူးလေ ကျမရဲ့ ရုံးက မလေးတယောက်ဆို
      Diploma ဘဲပြီးတဲ့ အတွက် ဘွဲ့ရဖို့အတွက် သြစတြေးလျသွားတက်ရမှာတဲ့ ဒီမှာကလည်း ကွန်ပျုတာနဲ့ အလုပ်လုပ်မယ်ဆိုရင် ကွန်ပျူဘွဲ့နဲ့မှ ပို အဆင်ပြေတာလေ
      ဘာဘဲဖြစ်ဖြစ် အခုအချိန်မှာတော့ ကျမတို့ရဲ့ ကွန်ပျူတာကျောင်းတော်ကြီးကို ကျေးဇူးတင်မိပါတယ်..

  2. ငါ ပြောချင်တာက တိုင်းပြည်က လူငယ်တွေကို အားပေးရမယ်ဆိုတာပဲ.. ကျောင်းသားတွေကို ဖန်တီးဖို့ အခွင့်အရေးနေရာတွေ ပေးရမယ်… တနည်းပြောရရင် ကျောင်းမှာ ကျောင်းသားတွေကို ဖန်တီးမှုတွေ အားပေးသင့်တယ်.. စာတွေ သင်နေတဲ့အပြင် project တွေ seminar တွေ လုပ်ပေးသင့်တယ်.. ဒါမှသာ တိုင်းပြည်အတွက် အသုံးဝင်လာမှာ နောက်မို့ဆို ဘာမှ မထူးဘူး… ကျောင်းကနေ ကောင်းမွန်အောင် လေ့ကျင့်ပေးနိုင်မှာ အနာဂတ်အတွက် နည်းပညာ အသစ်တွေ ထွက်လာမှာ… ကျောင်းပြီးရင် နည်းပညာအသစ် idea အသစ်တွေ ဖန်တီးနိုင်ဖို့ အခွင့်အလမ်းနည်းပါးသွားပြီ… ဒါကို ပြောချင်တာ.. ရှင်းရှင်းပြောရင် ကျောင်း က ကျောင်းသား ကျောင်းသူတွေ အတွက် စဉ်းစားပေးစေချင်တယ်.. ကျောင်းသား ကျောင်းသူတွေကသာ အနာဂတ်ကို ပြောင်းလဲ ပေးနိုင်မယ့်သူတွေ ဆိုတာ မမေ့သင့်ဘူး..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>