လုပ်ငန်းခွင်

ကျောင်းပြီးရင် အလုပ်လုပ်မယ်လို့ ဆိုပေမယ့် လုပ်ငန်းခွင်ဆိုတာ ဘယ်လို မျိုးလဲ ? အလုပ်ထဲမှာ ဘာတွေ လုပ်ရမလဲ ? စတာတွေက တွေးတော စရာတွေပါ။ အများသူငှာ ထင်တာကတော့ မတတ်ပေမယ့် လုပ်ငန်းခွင်ထဲ ရောက်ရင် တတ်သွားမှာပဲလို့ ဆိုကြတယ်။ မှန်တော့မှန်ပါတယ်။ သို့ပေမယ့် တွေးထင်သလို မလွယ်ဘူး။ အလုပ်လုပ်တဲ့ အခါမှာ ဘယ်သူမှ ကိုယ့်ကို မကူညီနိုင်ကြဘူး။ တော်တော်များများ တွေးထင်ကြတာက လုပ်ငန်းခွင်ထဲရောက်ရင် အပေါ်ကလူတွေက သင်ပေးမယ်လို့ ထင်တတ်ကြတယ်။ အဲလိုထင်ရင်တော့ တက်တက်စင်အောင် လွဲတာပဲ။

တကယ်တန်း လုပ်ငန်းခွင်ဆိုတာက ရေကူး သလိုပဲ။ မင်းရေကူးတတ်လားဆိုပြီး အင်တာဗျုးမယ်။ ကူးတတ်တယ်လို့ ပြောလိုက်ရင် ရေကန်ထဲ ပစ်ချလိုက်မယ်။ ကိုယ့်ဘာသာ ကူးတော့။ ဘယ်သူမှ လာမကယ်နိုင်ဘူး။ မကူးနိုင်ရင် နှစ်သွားမှာပဲ။ ရေမကူးတတ်ပဲ ကူးတတ်ပါတယ်လို့ လိမ်ပြောခဲ့ရင် ရေနှစ်ဖို့ ကိန်းက များနေပြီ။ သို့ပေမယ့် ရေနှစ်မှာ ဆိုးလို့ ကူးရင်းကူးနဲ့ ကူးတတ်သွားတဲ့ သူတွေလည်း အများကြီးပါ။ အဲလိုပါပဲ။ လုပ်ငန်းခွင်မှာ ဘယ်သူမှ မအားဘူး။ မေးလည်း ဖြေချင်မှ ဖြေနိုင်မယ်။ မြန်မာ အချင်းချင်းဖြစ်ပြီး ဒါလေးမေးတာတောင် ပြန်မဖြေဘူး။ သူက လုပ်တတ်တယ်ဆိုပြီး ငါ့ကို တမင်တကာ မသင်ပြတာ ဖြစ်မယ်လို့ တွေးလို့ မရတော့ဘူး။

မြန်မာပဲ ဖြစ်ဖြစ် ဘာနိုင်ငံသားပဲ ဖြစ်ဖြစ် အလုပ်လုပ်တာအခါမှာ တန်းတူပါပဲ။ ဘယ်သူမှ အားတယ်လို့ မဟုတ်ဘူး။ ကိုယ်တိုင်က လုပ်တတ်ပါတယ်လို့ ပြောထားပြီးရင်တော့ ရအောင် လုပ်ဖို့ပဲ ရှိတယ်။ လုပ်ငန်းခွင်မှာ သူများကို အားကိုးမယ် မေးမယ်ဆိုရင်တော့ dead line တွေ မှီမှာ မဟုတ်ဘူး။ အလုပ်လုပ်ပြီဆိုရင် google ကို သုံးတတ်ရမယ်။ အလုပ်နဲ့ ဆိုင်တဲ့ နောက်ဆုံး technology တွေ သိရမယ်။ PHP လုပ်နေပြီး jquery , ajax စတာတွေ မသိဘူး ။ နောက်ဆုံး ပေါ် technology တွေ မကြားဖူးဘူး။ ရှာလည်း မရှာတတ်ဘူး။ သူများတွေ သိပေမယ့် သူတို့က ဖြေပေးဖို့ အားချင်မှ အားလိမ့်မယ်။ ဒါကို နားလည်ထားရမယ်။ အများအားဖြင့် သူများကို အားကိုးချင်စိတ် မေးချင်စိတ်ကို မေ့ထားဖို့လိုတယ်။

Google မှာ အရင်ရှာကြည့်ပါ။ Stackoverflow မှာ မေးကြည့်ပါ။ အဲဒါမှ မတွေ့တော့ဘူး ဆိုရင်တော့ သိနိုင်မယ့်သူတွေကို ခွင့်တောင်းပြီး မေးဖို့ပဲ ရှိတယ်။ မှတ်မှတ်ရရ Pointstar မှာ အလုပ်လုပ်တုန်းက symfony နဲ့ ကြုံခဲ့ရတာပဲ။ CodeIgniter ပဲ အသုံးပြူဖူးတယ်။ symfony ကို တစ်ခါမှ မသုံးဖူးဘူး။ installation တောင် သွင်းမရလို့ဆိုပြီး မစမ်းထားတာ။ symfony နဲ့ ရေးထားတာ ဝင်ကူဆိုတော့ ဘာမှန်းတော့ မသိ ကိုယ့်ဘာသာကိုယ် ရှာလိုက် ရေးလိုက် ပြင်လိုက်နဲ့ပဲ။ ဘယ်သူ့ကိုမှလည်း မေးလို့ရမှာ မဟုတ်ဘူး။ မေးရင်လည်း ဖြေဖို့ ရှင်းပြဖို့ အချိန်က ရှိတာမဟုတ်တာ ကိုယ်လည်း အသိပဲ။ Google မှာပဲ ရှာပြီး လုပ်လိုက်ရတာပဲ။ Admin Panel ကို ရေးဖို့ တာဝန်ကျတော့ သေပြီဆရာပဲ။ ရေးတော့ ရေးလိုက်တယ်။ ပြီးသွားတယ်။ သို့ပေမယ့် symfony တတ်လား မေးရင် မတတ်ဘူးပဲ ဖြေရမှာပဲ။ Google မှာ ရှာ။ Tutorial တွေ ဖတ်ပြီး လိုအပ်တဲ့ အပိုင်းအတွက်ပဲ ရေးသွားတာ။ ဘာမှ မသိလိုက်ဘူး။ Admin Panel တစ်ခုလုံးသာပြီးသွားတယ် Symfony ကို ကောင်းကောင်း မရေးတတ်သွားဘူး။

လုပ်ငန်းခွင်ဆိုတာ အဲလိုပဲ။ ဒီအပိုင်းတွေ သူအရင်က လုပ်ဖူးတယ်။ သူ့ကိုမေးရင်တော့ ရလိမ့်မယ်ဆိုပြီး mail ပို့ပေမယ့် ပြန်ချင်မှ ပြန်လာမှာ။ မနက်ဖြန်မှ email reply လာချင်လာမယ်။ လာချင်မှလည်း လာမယ်။ အဲဒီအတွက် ကိုယ်က သူ့ကို ဒေါသထွက်နေလို့လည်း မရဘူး။ စကာင်္ပူမှာ အလုပ်လုပ်ဖူးတဲ့သူတွေအနေနဲ့ dead line ဆိုတာက နေ့စဉ် ဖိုက်တင်ချနေရတာပဲ။ မေးတိုင်းလည်း ဖြေဖို့ မအားကြဘူး။ အချို့ mail တွေက ကိုယ်က သိတယ်။ သို့ပေမယ့် သူ့ကို ဖြေဖို့အတွက် google မှာ ပြန်ရှာရတာ။ နောက်ပြီး ပြန်ရှင်းပြနေရမှာက အချိန်ပေးရမှာ။ အဲဒီ အချိန်ပေးလိုက်ရင် dead line တွေ မမှီတော့ဘူး။ dead line မမှီတော့ရင် project manager နဲ့ ရှင်းရတော့မယ်။ သူငယ်ချင်း မေးထားတာ ပြန်ဖြေပေးနေလို့ပါ ဆိုပြီး ပြောလို့မရတော့ဘူး။ ဒါဆိုရင်တော့ လိမ်ရတာတွေ လာတော့မယ်။ တနည်းပြောရင် ငါးပါးသီလ ချိုးဖောက်ဖို့အတွက် လမ်းစတွေ ဖြစ်လာတာပဲ။ ဒါကြောင့် reply မပြန်ဖြစ်တဲ့ mail တွေ အတွက် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း စိတ်ဆိုး ဒေါသထွက်နေလို့ မရဘူးဗျ။

အလုပ်လုပ်ပြီဆိုရင်တော့ Google ကို သုံးတတ်ရမယ်။ Google မှာ ရှာလိုက်ဆိုတာ ပြောလို့သာ လွယ်တာ။ မရှာတတ်တဲ့ သူတွေ အများကြီးပဲ။ stackoverflow မှာ မေးလိုက်ဆိုတာကလည်း အပြောလွယ်သလောက် အမေးခက်တယ်။ မေးတဲ့ မေးခွန်းက Google မှာ ရှာလို့ result က ပထမ စာမျက်နာမှာ တွေ့ရင်တော့ vote down တွေ အပြင် google မသုံးဘူးလား။ မရှာပဲနဲ့ လာမေးရသလား စတဲ့ comment တွေ လက်ခံရတော့မယ်။ ဒါကြောင့် Google မှာ ရှာတတ်အောင် ကြိုးစားပါ။

Google မှာ ဘယ်လိုရှာမလဲ။ တကယ်တန်းတော့ လွယ်လွယ်လေးပါ။ list box ကို multiselect ဘယ်လိုလုပ်ရမလဲ မေးခွန်း ပဲထားပါတော့။ (အဲမေးခွန်းမျိုးကိုတော့ stackoverflow မှာ သွားတော့မမေးလိုက်နဲ့အုံး) google မှာ multiselect list box ဆိုပြီး ရှာလိုက်ရုံပဲ။ HTML မှာဆိုရင် ပိုတိကျသွားအောင် multiselect list box in HTML ဆိုပြီး ရှာလိုက်လို့ရတယ်။ တချို့ အရာတွေက keyword တွေ မသိတဲ့ အခါ ရှာမတွေ့တာတွေ ရှိတယ်။ ပြီးခဲ့တဲ့ အပတ်က check singular pular in PHP ဆိုပြီး google မှာ ရှာလိုက်ပေမယ့် ရှာမတွေ့ဘူး။ ကိုအိမောင် ပြောလို့ Php Pluralize ဆိုပြီး ရှာလိုက်တော့ လိုချင်တာ တန်းတွေ့တာပဲ။

ဒါကြောင့် ရှာမယ်ဆိုရင် keyword အမျိုးမျိုးနဲ့ လှည့်ရှာတတ်ဖို့လိုတယ်။ cross domain ဖြစ်နေလို့ javascript နဲ့ connect မရဘူးဆိုရင် yql ကို အသုံးပြုလို့ ဆိုလိုက်လို့ YQL မတတ်ပါဘူး။ ကူညီပါအုံးဆိုရင်တော့ လက်ရှိ အလုပ်လုပ်နေတဲ့သူတွေ ကူရေးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လိုချင်တာကို ရှာပါ။ YQL အစ အဆုံး လေ့လာနေဖို့ မလိုဘူး။ stackoverflow လိုမျိုး နေရာတွေ မှာမေးပါ။ အချို့ plugin တွေ module တွေက လူတိုင်း မသိကြဘူး။ Joomla မှာ ကိုယ့်သုံးထားတဲ့ module ကို လူတိုင်း သိချင်မှ သိမယ်။ component ကို လူတိုင်း သုံးချင်မှ သုံးမယ်။ အဲလိုမျိုးတွေကို သူ့ရဲ့ support forum မှာ သွားမေးတာ အကောင်းဆုံးပဲ။ ကိုယ်မသိရင် ဘယ်လိုနေရာတွေမှာ မေးလို့ရမလဲ ကိုယ်သုံးနေတဲ့ plugin ကကော သူ့တို့မှာ support system ရှိလား။ စတာတွေကို လေ့လာပြီး မေးဖို့ နေရာကို သေချာရွေးပြီး မေးဖို့လိုပါတယ်။

လူတိုင်းက ကိုယ့် အလုပ်အရေးအကြီးဆုံးပဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိဆိုသလို အလုပ်အချိန်မှာ ကိုယ့်ဒုက္ခ ကိုယ်သာ သိကြပါတယ်။ ငါကသာ ဒုက္ခရောက်နေတာ။ သူက တတ်တော့ အေးဆေးပဲ။ သိတော့ အေးဆေးပဲ ဆိုတာတွေ မရှိဘူး။ တတ်တဲ့လူက ပိုလုပ်ရတယ်။ ပိုပင်ပန်းတယ်။ ပိုခေါင်းစားရတယ်။ မတတ်တဲ့သူတွေကလည်း မတတ်တဲ့ အလျှောက် လိုက်ဖတ်ရတယ်။ လေ့လာရတယ်။ သိတဲ့ သူတစ်ယောက်ကို တိုက်ရိုက် မမေးခင် ၊ email မပို့ ခင် ၊ ဖုန်း မခေါ်ခင် ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ။ ငါ Google မှာ ရှာပြီးပြီလား။ stackoverflow လိုမျိုး community Q&A တွေမှာ မေးပြီးပြီလား။ ဒါမှမဟုတ် သက်ဆိုင်ရာ forum တွေ plugin တွေမှာ မေးပြီးပြီလား။ အကုန်လုံးလည်း မေးပြီးပြီ ။ အဖြေမရှိ အဖြေမရ ဆိုရင်တော့ သိနိုင်မယ့် သူကို mail ပို့တာက ပြဿနာ မဟုတ်တော့ဘူး။ ကိုယ် တကယ်မသိလို့ မေးတာ ဖြစ်သွားပါပြီ။ သူ့ဆီကလည်း အကူအညီ အကုန်ရမယ်လို့ မထင်ပါနဲ့။ jquery ajax ကို သုံးလိုက်။ ဒီ api ကို သုံးပြီး ရေးလိုက်။ ဒီလောက်ပဲ အဖြေရမှာ။ အဲဒါက ဘာလဲဟင်။ ဘယ်လိုရေးရမလဲ ဆက်မေးရင်တော့ ကိုယ့်ဘာသာကိုယ် သုံးသပ်သင့်ပါတယ်။ ငါ သူများကို အားကိုးချင်စိတ် ဝင်နေပြီလား ?

အရင်ရုံးမှာ Google အတွက် PHP Library ရုံးအတွက် ရေးပေးတုန်းက Stackoverflow မှာ မေးထားတာကော google မှာ ရှာတာကော တစ်ခုမှ မတွေ့ပါဘူး။ နှစ်ရက်လောက် အချိန်ကုန်သွားတယ်။ နောက်ဆုံးတော့ မထူးဘူးဆိုပြီး ကိုယ့်ဘာသာကိုယ်ရေးလိုက်တော့ နှစ်ရက်လောက်နဲ့ ပြီးသွားတယ်။ အဲဒီ အချိန်တုန်းက တော်တော် စိတ်ပျက် အားငယ်ခဲ့ရတာပဲ။ သွားပြီ။ ရှာမတွေ့ဘူး။ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ဆိုပြီး ထိုင်ပြီး မိှုင်သွားဖူးသေးတယ်။ သို့ပေမယ့် ဘာလို့ ကိုယ့်ဘာသာကိုယ် ရေးလို့ မရတာလဲ ဆိုပြီး ရေးလိုက်တော့လည်း ပြီးသွားတာပဲ။

ဒီရုံးစရောက်တော့ Game နဲ့ ဆိုင်တာတွေ တစ်ခုမှ နားမလည်ဘူး။ မသိဘူး။ အကုန်ကို မျက်စိတွေလည် မူးနောက်သွားတာ အမှန်ပဲ။ ဒီလိုပဲ ဟိုဖတ် ဒီဖတ် နောက်ပြီး အောင်စည်သူကျော်နဲ့ အပြင်မှာ တွေ့ရင် ဟိုမေးဒီမေး နဲ့ သဘောတရားတွေ နားလည် သဘောပေါက်လာရတာပဲ။ ကိုယ့်အားလေး စိုက်ထုတ်လိုက်မှပဲ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ရနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါ ဘယ်သူမှ ကိုယ့်အတွက် ဒုက္ခခံပြီး လာမရေးပေးဘူး။ ကျောင်းတုန်းကလို ကျူရှင်တွေ မရှိဘူး။ စပေါ့လည်းလိုက်လို့ မရဘူး။ ဒါလာ ဒါမေးတွေလည်း မဟုတ်ဘူး။ course က အကန့်အသတ်မဲ့တယ်။ လိုအပ်ချက်က project တစ်ခုနဲ့ တစ်ခုမတူဘူး။ နောက်ဆုံးပေါ် နည်းပညာ တွေ အကြောင်းမသိရင်လည်း မဖြစ်တဲ့ ခေတ်ရောက်ကုန်ပြီ။

နောက်ဆုံးပေါ်တွေ သိပေမယ့် information မပြည့်စုံရင်လည်း ဒုက္ခရောက်တာပဲ။ Real Time Chat လိုချင်တယ်လို့ ပြောတုန်းက ရမယ်ဆိုပြီး ကတိပေးလိုက်ပေမယ့် iOS mobile မှာက HTML5 websocket က အလုပ်မလုပ်ဘူး။ သေပြီပဲ။ ကိုယ်က HTML 5 realtime ရတယ်ဆိုပြီး အာမခံလိုက်တာ။ iOS မှာ မရဘူးဆိုတာကို မသိလိုက်ဘူး။ သိပေမယ့် information မပြည့်စုံလိုက်တော့ ဒုက္ခရောက်ရတာပဲ။ နောက်တော့ Node.js နဲ့ ဖြေရှင်းလိုက်ရတာ ရသွားတာ့ပဲ။ socket.io ကို stackoverflow မှာ recommend လုပ်လို့ အဖြေရသွားပြီး HTML5 websocket နဲ့ ရေးထားတာကို ဖျက်ပြီး အစကနေ ပြန်ရေးလိုက်ရတယ်။ အချို့အရာတွေက သိပေမယ့် သေချာမသိတာကလည်း ဒုက္ခဖြစ်စေတာပဲ။ အခုနောက်ပိုင်း တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် သေချာရှာဖတ်တတ်တဲ့ အကျင့်တော့ ရသွားပြီ။ ဖြစ်နိုင်တာတွေက ဘာ။ မဖြစ်နိုင်တာတွေက ဘာ။ စတာတွေ ရှာဖတ်ပြီးမှ reply ပြန်တတ်တဲ့ အကျင့်တွေရလာပြီ။ အရင်ကထက်စာရင် ပြီးစလွယ်လုပ်တတ်တဲ့ အကျင့်တွေ နည်းလာပြီ။ (ပျောက်တော့ မပျောက်သေးဘူး)

လုပ်ငန်းခွင်က သင်ပေးလိုက်တာဆိုတာက ရေကူးကန်ထဲ ပစ်ချင်လို့ ကိုယ့်ဘာသာကိုယ် ရအောင် ကူးတတ်ခြင်းပဲ။ အတွေ့အကြုံကနေ သင်ပေးလိုက်တာပဲ။ ဘေးနားမှာ ဆရာရှိတုန်းက နှစ်လည်း ဆရာကယ်မှာပဲ ဆိုပြီး စိတ်နဲ့ အေးဆေး ကူးရတာ မဟုတ်တော့ဘူး။ နှစ်ရင် ကူမယ်သူ မရှိတော့ဘူးဆိုပြီး သင်ခဲ့တာတွေ တချက်ချက် ပြန်ပြန်ပေါ်လာပြီး အလိုအလျောက် ကူးတတ်သွားတာပဲ။


16 thoughts on “လုပ်ငန်းခွင်

  1. ကောင်းပါ့ဗျာ။ တကယ့်ကို ဖတ်သင့်တဲ့ပိုစ့်ကောင်းတစ်ခုပဲ။

  2. အရမ်းကောင်းတဲ့ post တစ်ခုပါ…အဲဒါမျိုးလေးတွေ ဆက်ရေးပေးပါ။ အားပေးနေပါတယ်.. KO SATURN

  3. မိုက်တယ်ဗျာ။ တော်တော်ကောင်းတယ်။ အားပေးနေတယ်။ ကိုစေတန်

    • ဗဟုသုတ ပို့စ်လေးပါပဲ။ ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပဲ ။

  4. အခုလို ကိုစေတန်ရဲ့ အတွေ ့အကြုံတွေကို ပြောပြတဲ့အတွက် ကျေးဇူးပဲဗျာ။

  5. very nice post again ….. now I had been thrown into the swimming pool …. and i am swimming my best …… :)

    P.S- I can’t comment with zawgyi font , when I type …. the myanmar fonts changed … what kind of font do I have to use to comment ?

    Thanks.

  6. Pingback: အိနိ္ဒယ ရုံးခွဲ | Saturngod

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>