ဒီနှစ် iOS bootcamp လုပ်မှာဖြစ်လို့ ရန်ကုန်ကို ၁ ပတ်လောက် ပြန်ဖြစ်တယ်။ D Form မလိုတော့ဘူးဆိုတဲ့ အတွက်ကြောင့် ရန်ကုန် လေဆိပ် အဝင်မှာလည်း ဘယ်နေ့ပြန်မယ်ဆိုတာ ပြောစရာ မလိုသလို သူတို့လည်း မပေးပါဘူး။ တွေ့တွေ့ခြင်း မင်္ဂလာပါလို့ immigration က နှုတ်ဆက်ပါတယ်။ Arrival Card နဲ့ Passport ပေးလိုက်ပြီးတော့ ခဏနေတော့ ပြန်ပေးပါတယ်။ တော်တော်လေးကို အလုပ်လုပ်တာ မြန်လာတယ်လို့ ဆိုရမယ်။ ကျွန်တော် ပြန်တဲ့ လေယာဉ်မှာတော့ မြန်မာထက် နိုင်ငံခြားသား ပိုများတယ်။ စလုံးက တရုတ်တွေ တော်တော်များတာကို တွေ့ရတယ်။
လေယာဉ်ကွင်းကို နာရီဝက်နောက်ကျမှ လေယာဉ်ဆိုက်ဖြစ်တယ်။ ကျွန်တော်တို့ကို မကြာမှီ ဆင်းသက်ပါတော့မယ်ပြောပြီး တော်တော်နဲ့ မဆင်းဘူး။ လေယာဉ်ကွင်းမှာပဲ နေရာ မရှိလို့လား ဒါမှမဟုတ် စောပြီး ကြေငြာမိတာလားတော့ မသိဘူး။ Arrival Card ကို မြန်မာနိုင်ငံသားတိုင်းလည်း ဖြည့်နေရတာကတော့ သိပ် သဘောမကျလှဘူး။ လေယာဉ်ကွင်းမှာကတော့ လေယာဉ်တွေက တစ်စီးပြီးတစ်စီး ဆိုက်နေတဲ့အတွက်ကြောင့် လူတွေလည်း တော်တော်များများတယ်။ အကုန်လုံးလည်း တော်တော် အလုပ်ရှုပ်နေပုံပဲ။
လေယာဉ်ကွင်းကနေပြန်တော့ ပထမဆုံး တွေ့ရတာကတော့ လမ်းကျပ်တာပဲ။ ပုံမှန် အချိန်ထက် အိမ်ကို ၁ နာရီ နီးပါးလောက် နောက်ကျပြီးမှ အိမ်ရောက်တယ်။ ပုံမှန် လမ်း မကျပ်ရင် အဲလောက် မကြာပါဘူး။ သို့ပေမယ့် မီးပွိုင့် မိသွားရင်တော့ တော်တော်လေး ကြာတယ်။